မန္တလေးတိုင်း၊ မိုးကုတ်မြို့မှ စစ်အာဏာရှင်ဖြုတ်ချရေး တက်ကြွလှုပ်ရှားသူ ကိုစိုးဌေး၏ အသက် ၅ နှစ်အရွယ် သမီးငယ်စုထက်ဝိုင်း ဇွန်လ ၃၀ ရက်က ပြန်လည်လွတ်မြောက်လာပြီး လုံခြုံတဲ့နေရာရောက်ရှိပြီဟု ကိုစိုးဌေးမှ ပြောသည်။
” သမီးငယ် စုထက်ဝိုင်း မနေ့က ဖမ်းဆီးခံထားရခြင်းမှ ပြန်လွတ်လာပါတယ်၊ သမီးကြီးနဲ့ သူ့အမေကိုတော့ ဖမ်းဆီးထားဆဲပါ” ဟု ကိုစိုးဌေး၏ လူမှုကွန်ယက်တွင် ရေးသားထားသည်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မိုးကုတ်မြို့ရှိ ကိုစိုးဌေးနေအိမ်သို့ အဓမ္မဝင်ရောက်ခဲ့ပြီး ကိုစိုးဌေးကို မတွေ့သဖြင့် ဇနီးနှင့် သမီးနှစ်ဦးကို တရားမဲ့ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး နှစ်ပတ်ကျော်ကြာချိန်မှ အသက် ၅ နှစ်အရွယ် သမီးငယ် စုထက်ဝိုင်း တစ်ဦးကိုသာ ပြန်လည်လွှတ်ပေးခဲ့သည်။
သမီးက အထဲမှာ ထမင်းဝအောင်မစားရဘူး၊ အိမ်သာရေနဲ့ ရေချိုးရတယ်၊ အထဲက အကြောင်းတွေ မေးတာ ဘာမှပြန်မပြောဘူး၊ စိတ်ဒဏ်ရာတွေနဲ့ ဘဝကို ဖြတ်သန်းရတော့မယ်
ကိုစိုးဌေး
ယခုလို သမီးငယ်လေး စုထက်ဝိုင်း ပြန်လည်လွတ်မြောက်ရေးအတွက် ကြိုးစားပေးကြသော နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပြည်တွင်းတော်လှန်ရေးအင်အားစုများကို အထူးကျေးဇူးတင်ကြောင်းလည်း ကိုစိုးဌေးမှ ပြောသည်။
ကိုစိုးဌေး၏ ဇနီးနှင့် သမီးတစ်ဦးမှာ လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရဆဲဖြစ်ပြီး ကိုစိုးဌေးနှင့် သားနှစ်ဦးမှာ မတရားဖမ်းဆီးမခံရရေး ရှောင်တိမ်းနေကြရသည်။