Twitter ရဲ့ အချို့သော ဝန်ထမ်းတွေဟာ Pandemic Lockdown ကာလပြီးခဲ့လျှင်တောင် ရုံးကို လာစရာမလိုတော့ပဲ အိမ်ကနေသာ အမြဲတမ်း အလုပ်လုပ်ဖို့ ခွင့်ပြုလိုက်ပြီလို့ Twitter ရဲ့ CEO Jack Dorsey က ဝန်ထမ်းအချို့ဆီ email ဖြင့် အကြောင်းကြားခဲ့ပါတယ်။ ဒါပေမယ့် Server Maintainence ကဲ့သို့သော လူကိုယ်တိုင်ရှိရမယ့်အလုပ်မျိုးကတော့ ရုံးကို လာဖို့ လိုဦးမှာ ဖြစ်ပါတယ်။
Twitter ရဲ့ ရုံးအများစုကို စက်တင်ဘာလအထိ ပြန်ဖွင့်မှာ မဟုတ်သေးပဲ အဆိုပါကာလအတွင်း ခရီးသွားလာခြင်းတွေကိုလည်း ဖျက်သိမ်းထားပါတယ်။ ဒါ့အပြင် ကျင်းပဖို့ရှိတဲ့ အခမ်းအနားပွဲတွေကိုလည်း နှစ်ကုန်အထိ ရပ်ဆိုင်းထားတယ်လို့ ဂျက်ရဲ့ အဆိုပါ အီးမေးလ် မှာ ဖော်ပြထားပါတယ်။
“အခုလိုအချိန်အခါမျိုးကနေ Work From Home Model ကို ပြောင်းလဲခဲ့တာ ကျွန်တော်တို့ ပထမဆုံး ဖြစ်မှာပါ။ Twitter အနေနဲ့ ဝန်ထမ်းတွေနဲ့ လူမှုအသိုင်းအဝိုင်းတွေအတွက် အန္တရာယ်ကင်းရေးကို အမြဲတမ်း ဦးစားပေးပါတယ်။” လို့ Twitter ရဲ့ ပြောရေးဆိုခွင့် ရှိသူက ပြောပါတယ်။
Twitter အနေနဲ့ ကိုရိုနာဗိုင်းရပ်စ် စတင်ပျံ့နှံ့လာတဲ့ မတ်လက စတင်ပြီး ဝန်ထမ်းတွေကို အိမ်ကနေ အလုပ်လုပ်ဖို့ ညွှန်ကြားခဲ့တာ ဖြစ်ပြီး အခြားသော နည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ Facebook , Google တို့ဟာလည်း သူတို့ရဲ့ ဝန်ထမ်းတွေကို နှစ်ကုန်အထိ အိမ်ကနေပဲ အလုပ်လုပ်ဖို့ စီစဉ်ထားကြပါတယ်။