This post is also available in:
သင်္ချာပုစ္စာတွေနဲ့ အခက်တွေ့နေကြတဲ့ ကျောင်းသားတွေအတွက် Google Lens က ကူညီပေးနိုင်ပါပြီ။
Google ရဲ့ ထုတ်ပြန်ချက်အရ Google Lens ဟာ ခက်ခဲတဲ့ ပုစ္စာတွေကို တခဏအတွင်း အဖြေရှာပေးနိုင်ပြီ ဖြစ်ပါတယ်။ သင်္ချာပုစ္စာတပုဒ်ကို Google Lens နဲ့ ဓါတ်ပုံ ရိုက်လိုက်တာနဲ့ သက်ဆိုင်တဲ့ လမ်းညွှန်တွေ၊ ဖြေရှင်းချက်တွေကို ထုတ်ပေးမှာ ဖြစ်ပါတယ်။ ဒီ စနစ်ကို Socratic နည်းပညာကို အသုံးပြုထားတာ ဖြစ်ပါတယ်။
တကယ်တော့ Lens ဟာ သင်္ချာပုစ္စာတွေကို ဖြေရှင်းနိုင်တဲ့ ပထမဆုံး အက်ပ်တော့ မဟုတ်ပေမယ့် Android သုံးစွဲသူတွေအတွက်တော့ ပိုမိုလွယ်ကူ အဆင်ပြေတဲ့ အက်ပ်တစ်ခု ဖြစ်ပါတယ်။ တကယ်လို့ Lens ကို မသုံးချင်ဘူးဆိုလျှင်လည်း တခြား app တွေကို ရွေးချယ် သုံးနိုင်ပါတယ်။
Google အနေနဲ့ သင်္ချာပုစ္စာတွေအပြင် Biology, Chemistry နဲ့ အခြား သိပ္ပံဘာသာရပ်တွေအတွက်လည်း AR နည်းပညာနဲ့ AR Models တွေ ဖန်တီးပေးထားပါသေးတယ်။ AR Models တွေကို Google Search ကနေတစ်ဆင့် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဥပမာ – Google Search မှာ ‘Quantum mechanical model’ လို့ ရိုက်ရှာလိုက်ရင် AR နည်းပညာနဲ့ ပြုလုပ်ထားတဲ့ 3D atom ကို ကြည့်ရှုနိုင်မှာ ဖြစ်ပြီး ဖုန်းကင်မရာကနေတဆင့် ပြင်ပလောကနဲ့ တွဲစပ်ကြည့်နိုင်မှာလည်း ဖြစ်ပါတယ်။
ကပ်ရောဂါကြောင့် အိမ်ကနေ စာသင်ရမယ့် ကျောင်းသားတွေ၊ ကလေးငယ်တွေအတွက် ဒီနည်းပညာတွေက ပိုမိုလွယ်ကူတဲ့ သင်ယူမှုစနစ်တစ်ခု ဖြစ်စေမှာပါ။