ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့ နယ် အဝင်လမ်းအား စစ်ကောင်စီလက်ပါးစေများက ကွန်ကရစ်တုံးများဖြင့် ယနေ့ဧပြီလ (၃၀)ရက်၊ ညနေ (၆) နာရီကျော်၌ ပိတ်ဆို့လိုက်ကြောင်း ဒေသခံများက YPA သို့ ပြောသည်။
“ဘလောက်တုံးတွေကို ကရိန်းနဲ့ချပြီး ပိတ်ထားပြီ။ သံပန်းတွေနဲ့မဟုတ်တော့ဘဲ အရင်က လမ်းလယ်တွေမှာသုံးတဲ့ ဘလောက်တုံးတွေကို လမ်းကို ကန့်လန့်ဖြတ်ပြီး ညနေ (၆) နာရီ ခွဲလောက်က စပိတ်လိုက်တယ်။”
ဒေသခံတစ်ဦး
လက်ရှိအချိန်၌ အမှတ်(၂)လမ်းမကြီးမှာ ဖြတ်သန်းသွားလာရန်မလွယ်ကူတော့ဘဲ ကားများ ပိတ်မိနေသည်ဟု သိရသည်။
“စစ်ကားအသေးလေးတွေနဲ့ အိတ်ယာလိပ်တွေတင်ပြီး တောင်ဒဂုံထဲ ဝင်လာကြတာကိုလည်း တွေ့ခဲ့ရတယ်။ တောင်မြောက်လမ်းဆုံ လေးဖက်လုံးကို ပိတ်စစ်နေတယ်။ အင်အားများတယ်ဗျ။”ဟု မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ပြောသည်။
အမှတ်(၂)လမ်းမ ဝင်ပေါက်ကို မည်သည့်အတွက်ကြောင့် ပိတ်ဆို့နေသည်ကို မသိရသေးဟု ပြောသည်။ အမှတ်(၂)လမ်းမမှာ လှည်းကူး၊ ဇရပ်ကွင်းနှင့် ပဲခူးသို့ သွားလာနိုင်သည့် လမ်းမကြီးတစ်ခုဖြစ်သည်။ လက်ရှိအချိန်၌ တောင်ဒဂုံမြို့နယ်ကို ယောက်ကော်၊ ကမာကြည်၊ သာကေတ၊ အရှေ့ဒဂုံမြို့နယ်များမှ တဆင့် ဝင်၊ ထွက်နိုင်သေးကြောင်း သိရပြီး ယင်းဝင်ပေါက်များကို ထပ်ပိတ်ဆို့ခြင်း ရှိ၊ မရှိ YPA မှ စုံစမ်းနေသည်။