အကြမ်းဖက် စစ်ကောင်စီနှင့် နီးစပ်သည့် မြန်မာစီးပွားရေး လုပ်ငန်းရှင် ခရိုနီ ဦးတေဇနှင့် ၎င်းပိုင်ဆိုင်သော ထူးဂရုကုမ္ပဏီများကို စီးပွားရေးဒဏ်ခတ်ပိတ်ဆို့လိုက်ကြောင်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဒေါမနစ်ရပ်ဘ် က ယနေ့ ကြေညာလိုက်သည်။
ထူးအုပ်စု လုပ်ငန်းများရဲ့ တည်ထောင်သူလည်းဖြစ်၊ နာယကလည်း ဖြစ်သူ ဦးတေဇသည် ၂၀၁၇ ခုနှစ် ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုတွင် အကြမ်းဖက် စစ်အုပ်စုကိုငွေကြေးထောက်ပံ့ခဲ့ကြောင်း၊ စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများလုပ်ရပ်များကိုလည်း လက်နက်ထောက်ပံ့ကူညီခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဗြိတိန်အစိုးရအနေဖြင့် အကြမ်းဖက် စစ်အုပ်စု၏ စီးပွားရေးရင်းမြစ်များကို တင်းတင်းကြပ်ကြပ် ပိတ်ဆို့သွားမည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ပြင် စစ်တပ်အနေဖြင့် မြန်မာပြည်သူများကို ရက်ရက်စက်စက် အကြမ်းဖက်နေခြင်းများကို ရပ်တန့်ရန်အရိပ်အယောင် မမြင်ရကြောင်း၊ ထို့ကြောင့် ဗြိတိန်အစိုးရက အခြားသော မဟာမိတ်နိုင်ငံများနှင့် ပူးပေါင်းပြီး အပြစ်မရှိသည့် ပြည်သူများ၊ ကလေးသူငယ်များကို သတ်ဖြတ်နေသည့် စစ်အုပ်စု၏ စီးပွားရေးရင်းမြစ်၊ လက်နက်ထောက်ပံ့ရေးရင်းမြစ်များကို ပိတ်ဆို့သွားမည်ဟု ထုတ်ပြန်ထားသည်။
ယခုပိတ်ဆို့အရေးယူခြင်းသည် ဦးတေဇနှင့် ထူးဂရု၏ ဗြိတိန်နိုင်ငံအတွင်းရှိ ပိုင်ဆိုင်မှုများကို ပိတ်သိမ်းပြီး ဗြိတိန်နိုင်ငံအတွင်း ဝင်ရောက်ခွင့်ကိုလည်း တားဆီးပိတ်ပင်ခြင်းများ ပါဝင်သည်ဟု ဗြိတိန်အစိုးရက ဆိုသည်။