စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းဒေသရှိ အာဏာသိမ်းစစ်တပ်ထောက်ခံ သူများကို မျှော်လင့်ချက်အမှားပေးသွားကြောင်း ဝန်ကြီးဟောင်း ဦးမောင်မြင့်က သူ၏လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားလိုက်သည်။
“နိုင်ငံရဲ့ ကျန်တဲ့ဒေသတွေက စစ်ဆင်ရေးအချို့ရှိနေတာကို နားလည်ပါတယ်။ ဒါပေမယ့် မင်းကင်းပြည်သူတွေကို False Hope (မျှော်လင့်ချက်အမှား) တော့ မပေးသင့်ပါဘူး။” ဟု ဦးသိန်းစိန်အစိုးရလက်ထက် အလုပ်သမားဝန်ကြီးနှင့် စက်မှုဝန်ကြီးဟောင်းဖြစ်ခဲ့သူ ဦးမောင်မြင့်က ရေးသားသည်။
အသက် ၆၂ နှစ်အရွယ် ဦးမောင်မြင့်၏အဆိုအရ လွန်ခဲ့သည့် တစ်ပတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းကို အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးတေဇကျော်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တိုင်းမှူး တို့ရောက်လာပြီး မင်းကင်းမြို့နယ်တွင် တပ်ရင်းတစ်ရင်း ချထားပေးမည်ဖြစ်ကြောင်းနှင့် ချင်းတွင်းမြစ်ကြောင်းတွင် စစ်ရေယာဉ် ထားပေးမည်ဟု ပြောကြားခဲ့သည်ဟုပါရှိသည်။
“ခုတော့ မျှော်သာမျှော် ပေါ်မလာတဲ့ အပြင်မြစ်ရိုးအောက်ဖက် ဒေသက ရွာတွေမှာ PDF တွေရဲ့သတ်ဖြတ်ခံရတာ အနိုင်ကျင့်ခံရတာတွေက မကြားချင်အဆုံးပါပဲ။ ရွာအချို့မှာ တပ်လာရင်အားလုံးထွက်ပြေးမပြေးရင် ဒလန်ပါတဲ့၊ ဆက်ကြေးကလည်းမရှိတဲ့ထဲက ပေးရသေး၊ နောက်ဆုံး ဖုန်းတွေပါ သိမ်းပါသတဲ့။” ဟု ရေးသားထားသည်။
ပြည်သူ့ကာကွယ်ရေးတပ်များ၏ စစ်ဆင်ရေးအောက် အလူးအလဲခံနေရသော စစ်ကောင်စီတပ်များက ချင်းတွင်းမြစ်ကြောင်းထဲရှိနေရာအချို့တွင် လက်နက်တပ်ဆင်ထားသော ရေတပ်သုံး Speed boats များချထားသော်လည်း မင်းကင်းသို့ရောက်မလာသည့်လက္ခဏာဖြစ်သည်။
စစ်မှုထမ်းဟောင်း ဦးမောင်မြင့်သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်ကို ရှုံးနိမ့်ခဲ့သည်။ ထို့အပြင်ရွေးကောက်ပွဲတွင် NLD ကိုပုတ်ခတ်ကာ ဘာသာရေးအကြောင်းပြ မဲဆွယ်သည်ဆိုသောစွပ်စွဲချက်ဖြင့် ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှုဖြင့် အမှုဖွင့်ထားခံခဲ့ရသော်လည်း တရားရုံးတွင်အမှုစစ်ဆေးနိုင်ခြင်းမရှိခဲ့ဘဲ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးသည့်အခါ အမှုမှာ မေ့မေ့လျော့လျော့ပင်ဖြစ်သွားခဲ့သည်။ ပြည်ခိုင်ဖြိုးပါတီ၏ ဗဟိုကော်မတီဝင် ဦးမောင်မြင့်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေစစ်အစိုးရလက်ထက်က နိုင်ငံခြားရေးဒုဝန်ကြီးအထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။