နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စက်တင်ဘာ ၁၃ ရက် ယနေ့မှာ အမှုပြန်စစ်ဖို့ ရုံးထုတ်ခဲ့ပေမယ့်လည်း ကျန်းမာရေးအခြေအနေကြောင့် ရုံးချိန်းကို ရက်ရွှေ့ဆိုင်းလိုက်ကြောင်း သိရပါတယ်။
ခေါင်းမူးတယ်ဗျာ။ ကားနဲ့လာရတဲ့အတွက် ကားကခါလို့ ကားမစီးနိုင်ဘူးပြောတယ်။ အခြားရောဂါကြောင့်တော့မဟုတ်ပါဘူး။ ဒီမနက်မှ ဖြစ်တာပါ။ ထိုင်နိုင်တဲ့အခြေအနေမဟုတ်တဲ့အတွက် ရုံးချိန်းကိုမနက်ဖြန် ပြန်ချိန်းပေးဖို့ပြောတယ် ကျွန်တော်တို့ ခွင့်တိုင်ပေးလိုက်ပါတယ်။
ဦးခင်မောင်ဇော် (ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ )
COVID-19 တတိယလှိုင်းကြောင့် ရုံးချိန်းကို ဇူလိုင်လ ၁၃ ရက်နေ့မှာ နောက်ဆုံးစစ်ဆေးခဲ့ပြီး နှစ်လတာ ရပ်ဆိုင်းထားရာမှ ယနေ့ စတင်စစ်ဆေးဖို့ ခေါ်ယူတာ ဖြစ်ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အစွဲခံထားရတဲ့ အမှု သုံးမှုကို ဒီကနေ့ စစ်ဆေးမှာ ဖြစ်ပေမယ့် ကျန်းမာရေးအခြေအနေကြောင့် နောက်တစ်ပတ် တနင်္လာနေ့ကို ရွှေ့ဆိုင်းခဲ့ပါတယ်။
“ဒီကနေ့မနက် ၉ နာရီခွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ပါတယ်။ တွေ့တွေ့ချင်းပဲ ဒီကနေ့ သူနေမကောင်းဘူးလို့ ပြောတယ်။ တကယ်လည်းဟုတ်ပါတယ်။ မျက်စိတွေ မျက်နှာတွေနီပြီးတော့ နှာတွေလည်း မွှန်နေတယ်။ ခေါင်းတအား မူးတယ်လို့ပြောပါတယ်။ ကျနော်တို့နဲ့ နည်းနည်းပဲ စကားပြောနိုင်ပါတယ်။ စကားပြောပြီးတော့ သူကိုယ်တိုင်ပဲ နောက်နေ့မှ စကားပြောရအောင်တဲ့။ အဲ့ဒါနဲ့ ကျနော်တို့က ရဲကိုပြောပြပါတယ်။ ပြီးတော့ ပြန်သွားပါတယ်။ တရားရုံးကိုတော့ သူ့ကိုယ်စား ကျနော်တို့ ခွင့်တိုင်ပေးလိုက်ပါတယ်။ ဒါကြောင့် သူ့အမှုသုံးမှုဟာ ဒီနေ့မစစ်ဖြစ်ပါဘူး။ ရှေ့တနင်္လာနေ့မှစစ်ဖြစ်ပါမယ်။ သူက မနက်ဖြန်ကျမှ ကျယ်ကျယ်ပြန့်ပြန့်စကားပြောကြတာပေါ့လို့ ပြောသွားတယ်။” လို့ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအတွက် မည်သည့်ဆရာဝန်နှင့်ပြသခွင့် ရမလဲဆိုတာကိုတော့ မသိရှိရသေးဘူးလို့ ၎င်းက ဆက်ပြောပါတယ်။ “ဒါကတော့ မသိသေးဘူးဗျ။ သူတို့စီစဉ်ပေးတဲ့ဆရာဝန်နဲ့ပဲပြရမယ်ထင်တယ်။ ဒါက သူတို့စီစဉ်ပေးရမယ့်ကိစ္စပါ”လို့ ဦးခင်မောင်ဇော်က ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင်သမ္မတကြီး ဦးဝင်းမြင့် နှင့်နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် တို့ကို စွဲဆိုခံထားရတဲ့ အမှုများအတွက် စက်တင်ဘာ ၁၄ ရက်ကို ပြန်လည်ချိန်းဆို ထားပါတယ်။ နိုင်ငံခေါင်းဆောင်သုံးဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မအပါအဝင်ဆက်သွယ်ရေးဥပဒေ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ စသည့် ပုဒ်မများစွာဖြင့် တရားစွဲဆိုထားခြင်း ဖြစ်ပါတယ်။