ပြည်သူလူထု၏ ဆန္ဒနှင့်ပတ်သက်ပြီး ဘယ်တော့မှ မဆန့်ကျင်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ တရားရုံးထုတ်ချိန်တွင် ရှေ့နေအဖွဲ့အားပြောခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရက ခုခံစစ် ကြေညာပြီးနောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင် များမှ ခုခံတိုက်ခိုက်မှုများ အရှိန်မြင့်တက်လာပြီးနောက် ပြည်သူများ၏ လက်ရှိလုပ်ဆောင်မှုများကို ဒေါ်အောင်ဆန်းစုကြည်က သဘောမတူကြောင်း ကောလဟလများကို ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။
“လိုင်းပေါ်မှာလေ ဦးထွန်းထွန်းဦး ( နေပြည်တော် ) ဆိုပြီးတော့မှ ဘာတက်နေလည်းဆို အဲဒါလေးကို အမေကို ပြောဖြစ်တယ်။ အမေက အဲဒါက သူလည်းမပြောခဲ့ဘူးပေါ့၊ ကျွန်မတို့ (ရှေ့နေ)ကိုလည်း မပြောခဲ့ဘူးလေ။ ကျွန် မတို့ထဲကလည်း ဘယ်သူမှ ပြောခဲ့တာမရှိဘူး။ CRPH တို့ NUG တို့ကို အမေက လက်မခံပါဘူးဆိုပြီးတော့မှာ တက်နေတာ။ သတင်းအနေနဲ့လည်း မဟုတ်ဘူး။ သတင်းစာဖြတ်ပိုင်းလေး ပုံစံနဲ့။ နိုင်ငံခြားကနေတောင် လှမ်း မေးတယ် အဲဥစ္စာကို။ ရှေ့နေတွေကိုလည်း သူမပြောခဲ့သလို ကျွန်မတို့ရှေ့နေတွေကလည်း ဘယ်မီဒီယာကိုမှ မပြောခဲ့ဘူး။ သူက ရှေ့နေအဖွဲ့မှ ပြောကြားသည်လို့ ပြောတာကို ” ဟု ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောဆိုသည်။
သတင်းစာဖြတ်ပိုင်းပုံစံနှင့် ယခု သတင်းအမှားသည် တပ်မတော်ထောက်ခံသူများသည့် Telegram channel တွေမှတဆင့် Facebook group များတွင် ပျံ့နှံ့လာခဲ့ခြင်း ဖြစ်ပြီး ယခုအခါ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ငြင်းဆိုလိုက်သည့်အပြင် လက်ရှိပုံနှိပ်ထုတ်ဝေနေသော သတင်းစာများတွင်လည်း အမှန်တကယ်ဖော်ပြထားခြင်းမရှိပဲ သတ်ပုံအမှားတချို့နှင့် ရေးသားထားသော ဖိုတိုရှော့နှင့် သတင်းစာဖြတ်ပိုင်းပုံစံ တုပလုပ်ထားသော သတင်းအမှားသာ ဖြစ်သည်။