ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် Kachin Political Interim Coordination Team (KPICT) တို့၏ ကြားကာလ သဘောတူညီချက်ကို လက်မှတ်ရေးထိုးကြောင်း CRPH က မေလ (၂၇) ရက်တွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။
CRPH နှင့် KPICT တို့သည် လက်ရှိကြားကာလအတွင်း နိုင်ငံရေးအရ ပိုမိုထိရောက်အောင်မြင်စွာ နှစ်ဘက် ညှိနှိုင်းဆောင်ရွက်နိုင်ရန် သဘောတူညီချက်တစ်ရပ်ကို ၂၀၂၁ ခုနှစ် မေလ ၂၇ ရက်နေ့တွင် လက်မှတ် ရေးထိုးခဲ့ကြကြောင်း၊ အဆိုပါသဘောတူညီချက်သည် CRPH နှင့် KPICTတို့အကြား လက်မှတ်ရေးထိုးရန် နှုတ်အားဖြင့် ကြိုတင်သဘောတူညီ ခဲ့ကြသည်များကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်ကြောင်းနှင့် ကြားကာလအတွင်း ကချင်ဒေသအစိုးရဖွဲ့စည်းရေးဆိုင်ရာ ကိစ္စရပ်များကို အကောင်အထည် ဖော်ဆောင်ရေးတွင် CRPH နှင့် KPICTတို့အကြား ညှိနှိုင်းဆောင်ရွက်ကြမည့်မူအဖြစ် နှစ်ဘက်လက်မှတ် ရေးထိုးခြင်း ဖြစ်ကြောင်း အဆိုပါကြေညာချက်တွင် ပါရှိသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး Kachin Political Interim Coordination Team (KPICT) ပြောခွင့်ရ ဦးအင်ဆန်ဂွမ်ဆန်က ယခုလို ပြောကြားထားသည်။
ကြားကာလမှာလုပ်မယ့်အလုပ်တွေကို CRPH နဲ့ဆွေးနွေးသွားဖို့ဆိုတဲ့ ပိုပြီးတော့ နိုင်ငံရေးပေါ်လစီကို အတူလက်တွဲလုပ်သွားဖို့ဆိုတဲ့ကိစ္စပဲ ဖြစ်တယ်။
ဦးအင်ဆန်ဂွမ်ဆန်
လက်ရှိတွင် CRPH နှင့် KPICT တို့၏ ဆွေးနွေးမှုကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG တွင် ဒုသမ္မတ ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ဝန်ကြီး ၊ ပညာရေးဒုဝန်ကြီး နှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် ကချင်လူမျိုးများကို ခန့်အပ်ထားကြောင်း သိရသည်။