ကချင်အမျိုးသား အစည်းအရုံး KNO ကနေ အထူးတပ်မဟာ ၁၀၈ ကို ဖွဲ့စည်းလိုက်တယ်လို့ ဇွန် ၁၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
အချုပ်ခြာ အာဏာဟာ ပြည်သူလူထုက ဆင်းသက်တဲ့ ကချင်ပြည် ထူထောင်ဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းလိုက်တာဖြစ်ပြီး ၂၀၁၉ ဇန်နဝါရီလထဲမှာ ပြုလုပ်တဲ့ KNO အစည်းအဝေး ဆုံးဖြတ်ချက်အရ ဖွဲ့စည်းတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒီလို KNO က တပ်မဟာ ဖွဲ့စည်းတာကို KIO\KIA က လက်မခံကြောင်း ဇွန် ၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့်လည်း KNO က တပ်မဟာဖွဲ့စည်းကြောင်း ကြေညာလိုက်ပြီး KIA နဲ့အတူ တိုက်ပွဲ ဝင်မယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ ဒါ့အပြင် မတရားနည်းနဲ့ အချုပ်အခြာ အာဏာကို ရယူထားတဲ့ ဘုံရန်သူ စစ်အာဏာရှင် မြန်မာစစ်တပ်ကို တော်လှန်ရာမှာ တတပ် တအား ပါဝင်မယ်လို့ ဆိုထားပါတယ်။
လက်ရှိ ကချင်ပြည်နယ် မြစ်ဆုံဒေသ အရှေ့ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်း(ရှမ်းမြောက်)၊ မြောက်ပိုင်း နယ်မြေ အများစုကို ထိန်းချုပ်ထားတဲ့ KIO\KIA ကတော့ ကချင်ပြည်နယ်မှာ စစ်တပ် တစ်ခုပဲ ရှိရမယ်လို့ သူတို့ရဲ့ မူဝါဒကို ထုတ်ဖော်ပြောခဲ့ဖူးပါတယ်။