ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းတွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့က အရပ်သားပြည်သူများကို ဗုံးကြဲလေယာဉ်ဖြင့် (၂) ကြိမ်ခန့် ဗုံးကြဲခဲ့ကြောင်း ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့သည် ဖေဖော်ဝါရီ ၂၇ ရက်နေ့ နံနက် ၁ နာရီ ၄၅ မိနစ်အချိန်တွင် တိုက်ပွဲ ဖြစ်ပွားမှု မရှိပဲ အရပ်သားပြည်သူများကို အကြောင်းမဲ့ ဗုံးကြဲခဲ့ပြီး တာဝေးပစ်လက်နက်ကြီးများဖြင့် (၈) လုံးခန့် ထပ်မံပစ်ခတ်ခဲ့သည်။ လက်နက်ကြီး ထိမှန်သဖြင့် ပြည်သူနေအိမ် (၅) လုံး၊ မူကြိုကျောင်း (၁) ကျောင်း ပျက်စီးခဲ့ပြီး အိမ်မွေးတိရိစ္ဆာန်အချို့လည်း သေဆုံးခဲ့သည်။
ဒီးမော့ဆိုမြို့နယ်တွင် ဖေဖော်ဝါရီလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထား ဗုံးကြဲ တိုက်ခိုက်မှု (၆) ကြိမ်၊ လက်နက်ကြီးဖြင့် (၃၅) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။