မြန်မာနိုင်ငံမှာ အဓမ္မ အာဏာရယူထားတဲ့ အကြမ်းဖက်စစ်တပ်ကို ဆန့်ကျင် တွန်းလှန်ဖို့ နောက်ထပ်ခြေလှမ်းတစ်ခုအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နွေဦးဖွံ့ဖြိုးရေးဘဏ် Spring Development Bank (SDB) ကို မြန်မာပြည်ရဲ့ ပထမဆုံး Neobank အနေနဲ့ ဒီလထဲမှာ စတင်တော့မှာဖြစ်ပါတယ်။
Neobank ဆိုတာ ဘာလဲ
Neobank ဆိုတာ ရုပ်ဝတ္ထုအားဖြင့် တည်ဆောက်ထားခြင်းမရှိပဲ Online ပေါ်ကတစ်ဆင့် လုပ်ဆောင်ရတဲ့ ဒစ်ဂျစ်တယ်ဘဏ်အမျိုးအစားဖြစ်ပါတယ်။ နိုင်ငံတကာမှာ ထင်ရှားတဲ့ Neobank တွေကတော့ Wise (UK) , Chime (US), Revolut (UK), YouTrip (SG) တို့ ဖြစ်ပါတယ်။
SDB မှာ လက်ခံမယ့် Currency အမျိုးအစားတွေက ဘာတွေလဲ
NUG အနေနဲ့ Spring Development Bank (SDB) မှာ MMK, SGD, THB နဲ့ USD ဆိုပြီး ငွေကြေးလေးမျိုး လက်ခံလည်ပတ်မှာဖြစ်ပြီးတော့ ထူးခြားချက်အနေနဲ့ ရွှေကိုပါ ဝယ်စုလို့ရမယ့် Option တစ်ခု ပါဝင်မယ်လို့ သိရပါတယ်။ ရွှေကို မြန်မာအချိန်အတွယ်အရ တစ်ကျပ်သားရဲ့ ၁၂၈ပုံတစ်ပုံ (တစ်ရွေး) ကစပြီး ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒီရွှေတွေကို UK နဲ့ Switzerland မှာ သိမ်းထားတဲ့ တကယ့်ရွှေတွေနဲ့ ကျောထောက်နောက်ခံပြုထားပါတယ်။
SDB ကို သမားရိုးကျဘဏ်တွေနဲ့ မတူဘဲ NUGPay လိုမျိုးပဲ Blockchain/Crypto နည်းပညာတွေပေါ်မှာ အခြေခံလည်ပတ်သွားမယ်လို့ သိရပြီး ဘဏ်တစ်ခုရဲ့ လုပ်ဆောင်ချက်တွေဖြစ်တဲ့ ငွေစုတာ ငွေလွှဲတာ စာရင်းသေငွေအပ်တာ၊ ငွေချေးတာ အစရှိသဖြင့် အကုန် ပါဝင်မှာ ဖြစ်ပါတယ်။
နွေဦးဖွံ့ဖြိုးရေးဘဏ် SDB ကို ယခုလထဲမှာ အကောင့်တစ်ထောင်နဲ့ စတင်ပြီး Beta Test အနေနဲ့ စမ်းသပ်လည်ပတ်မယ်လို့ သိရပါတယ်။