This post is also available in: English
အမေရိကန် လွှတ်တော်ကို အကြမ်းဖက် စီးနင်းခံရပြီးနောက်မှာ လက်ယာယိမ်းအယူဝါဒ အားပေးတဲ့ လူမှုကွန်ယက် Parler ကို AWS (Amazon Web Services) က ပိတ်သိမ်းလိုက်ပါပြီ။ Parler ဟာ အမေရိကန် လွှတ်တော် စီးနင်းမှုမှာ အဓိက ဖြစ်တဲ့ အကြမ်းဖက်လှုံ့ဆော်ရေးများ ပြုလုပ်ရာ ဖြစ်ပြီး သမ္မတ ထရမ့်ကို အားပေးထောက်ခံသူတွေ စုဝေးရာ ဖြစ်ခဲ့ပါတယ်။ AWS ဟာ Parler ကို ၂၄ နာရီ ကြိုတင်သတိပေးချက် ထုတ်ပြန်ပြီးနောက်မှာ အပြီးတိုင် ပိတ်သိမ်းခဲ့တာပါ။ ဒါကြောင့် အခုချိန်မှာ Parler website ကို သွားကြည့်ရင် ‘This site can’t be reached’ ဆိုတဲ့ စာသားနဲ့ offline ဖြစ်နေတာ တွေ့ရမှာဖြစ်ပြီး သုံးစွဲလို့ ရတော့မှာ မဟုတ်ပါဘူး။
သမ္မတထရမ့်ရဲ့ ဖေ့ဘွတ်ခ်နဲ့ တွစ်တာအကောင့်တွေကို အပြီးတိုင် ပိတ်သိမ်းခံရပြီးနောက်မှာ ထရမ့်ထောက်ခံသူတွေက Parler website မှာ အကြမ်းဖတ်လှုံ့ဆော်ရေးတွေ အမြောက်အများရေးသားခဲ့ကြပါတယ်။ Google နဲ့ Android က Parler application ကို Play Store နဲ့ App Store တို့ကနေ အသီးသီး ဖယ်ရှားခဲ့ကြပြီးနောက် အခုအခါမှာ AWS ကပါ Parler website ကို ပိတ်သိမ်းခဲ့တာ ဖြစ်ပါတယ်။
Parler ဘက်က သူတို့အနေနဲ့ သူတို့ရဲ့ infrastructure ကို အစအဆုံး ပြန်လည်တည်ဆောက်သွားမှာ ဖြစ်ပြီး ပိတ်ဆို့မှုတွေကို ကျော်လွှားသွားမှာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။ လက်ရှိအချိန်မှာတော့ တခြားသော လက်ယာယိမ်း လူမှုကွန်ယက်တွေကို အစားထိုး သုံးစွဲနေကြပြီး အဲ့ထဲမှာမှ Gab ကို လူသုံးများနေကြတယ်လို့ ဆိုပါတယ်။