တကယ်လို့ သင်ဟာ ဖေ့စ်ဘွတ်ခ်ရဲ့ Classic Design ကို ကြိုက်တဲ့သူဆိုရင်တော့ ဒီဇိုင်းသစ်နဲ့ ရင်းနှီးကျွမ်းဝင်အောင် အခုကတည်းက ပြုလုပ်ထားသင့်ပါတယ်။ ဖေ့စ်ဘွတ်ခ်အနေနဲ့ ဒီဇိုင်းအသွင်အပြင်ကို သိသိသာသာကြီး မပြောင်းလဲတာ ဆယ်နှစ်ကျော်ရှိခဲ့ပါပြီ။ ဒါကြောင့် စက်တင်ဘာလမှာ ဒီဇိုင်းအသစ်ကို အားလုံးအတွက် ပြောင်းလဲတဲ့အခါ တချို့တွေအတွက် တမျိုးဖြစ်နေနိုင်ပါတယ်။
ဖေ့စ်ဘွတ်ခ်ဟာ မနှစ်က F8 ပွဲမှာ ဒီဇိုင်းအသစ်ကို မိတ်ဆက်ခဲ့ပြီးနောက်မှာ အသုံးပြုသူတွေကို တဖြည်းဖြည်း update ပြုလုပ်ပေးနေတာ ဖြစ်ပါတယ်။ အခုထိတော့ Classic design ကို ပြောင်းလဲသုံးစွဲဖို့ ရွေးချယ်နိုင်သေးပေမယ့် စက်တင်ဘာလမှာတော့ Classic design ကို အပြီးတိုင် ပိတ်သိမ်းမှာ ဖြစ်ပါတယ်။

ဒီဇိုင်းအသစ်ဟာ စသုံးတဲ့အခါ နည်းနည်း ကသိကအောက် ဖြစ်နိုင်ပေမယ့် အသားကျသွားတဲ့အခါ ပိုပြီး အဆင်ပြေတာ တွေ့ရမှာပါ။ သုံးတာ ကြာလာရင် ဒီဇိုင်းအသစ်က ပိုပြီး အသုံးပြုရတာ လွယ်တာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီဇိုင်းအသစ်မှာ ဖေ့စ်ဘွတ်ခ်ရဲ့ လုပ်ဆောင်ချက်တွေဖြစ်တဲ့ Groups တွေ၊ စာမျက်နှာတွေ၊ Watch၊ Marketplace နဲ့ Rooms တို့ကို အလွယ်တကူ သုံးနိုင်အောင် နေရာချပေးထားပါတယ်။ နောက်ထပ်တခုက မျက်စိအတွက် ကြည့်ရတာ ပိုအဆင်ပြေတဲ့ Dark Mode ပါဝင်လာတာဖြစ်ပါတယ်။

Facebook ရဲ့ ဒီဇိုင်းအသစ်ဟာ လွန်ခဲ့တဲ့ လတွေမှာ error တွေ ရှိနေပေမယ့် အခုအချိန်မှာ ပြဿနာတွေကို ဖြေရှင်းပြီးပြီလို့ ယူဆရပါတယ်။






