ကယားပြည်နယ် အတွင်း အာဏာသိမ်းတပ်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်များကို စုစည်းကာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် Karenni Nationalities Defense Force ( KNDF) အဖြစ် ဖွဲ့စည်းကြောင်း ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။
အာဏာသိမ်းတပ်နှင့် ရင်ဆိုင်တိုက်ခိုက်ရန် အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ကယားပြည်နယ် အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်များကို တစုတစည်းထဲ ဖွဲ့စည်းရန် ညွှန်ကြားပြီးနောက် ယခုကဲ့သို့ ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ KNDF အဖွဲ့ဖွဲ့စည်းလိုက်သည့် နေ့မှာပင် အာဏာသိမ်းတပ်က ဒီးမော့ဆိုမြို့နယ် အတွင်း စစ်ရဟတ်ယာဉ်များ၊ တိုက်လေယာဉ်များ၊ အမြှောက်များဖြင့် ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ယနေ့ ညပိုင်းထိ ဝေဟင်မှတိုက်ခိုက်မှုများရှိနေဆဲဖြစ်သည်။