မကွေးတိုင်းနှင့် ချင်းပြည်နယ် အစပ် ဆောမြို့နှင့် ကန်ပက်လက်မြို့ကြား နယ်မြေတွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်များကို YDF (ဆော)၊ CDF (ကန်ပက်လက်) ပူးပေါင်းအဖွဲ့မှ ယနေ့ညနေ ၄ နာရီခွဲခန့်တွင် မိုင်းခွဲ တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ ၂ နာရီခန့်ဖြစ်ပွားကာ စစ်ကောင်စီဘက်မှ ၂၀ ကျော် သေဆုံးပြီး YDF (ဆော) တပ်ဖွဲ့ဘက်မှ ၃ ဦး၊CDF (ကန်ပက်လက်) မှ (၈) ဦး ဒဏ်ရာရရှိ(မစိုးရိမ်ရ)ကြောင်း CDF (KanPetLet) မှ သတင်းထုတ်ပြန်ထားသည်။
“ဒီနေ့ညနေ ၄ နာရီခွဲလောက်မှာ စစ်ကောင်စီက အင်အား ၁၀၀ လောက်နဲ့ ဆောနဲ့ ကန်ပက်လက်ကြားနယ်မြေကို စစ်ကြောင်း ၃ ကြောင်းခွဲပြီး ချီတက်လာတယ်။ အဲဒီမှာ ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့က မိုင်း ၇ လုံး ခွဲပြီး တိုက်ခိုက်တယ်၊ နှစ်ဖက်ပစ်ခတ်မှုက ၂ နာရီလောက်ကြာတယ်။ စစ်ကောင်စီကတော့ ၂၀ ကျော်လောက် သေမယ်၊ ကျနော်တို့ဘက်က ၃ ယောက် ဒဏ်ရာရတယ်၊ မစိုးရိမ်ရဘူး။ အခြားပြည်သူ ၁ ယောက် ဒဏ်ရာရတယ်၊ သူကတော့ စိုးရိမ်ရတယ်” ဟု YDF (ဆော)မှ တာဝန်ရှိသူတစ်ဦးမှ ပြောဆိုကြောင်း Khit Thit Media တွင် ဖော်ပြထားသည်။
အထိနာသွားသော စစ်ကောင်စီတပ်များသည် ည ၇ နာရီဝန်းကျင်တွင် ပြန်လည် ဆုတ်ခွာသွားသဖြင့် တိုက်ပွဲ ပြန်လည် ငြိမ်သက်သွားခဲ့ကြောင်း သိရသည်။ အဆိုပါတိုက်ပွဲတွင် YDF (ဆော) နှင့်အတူ CDF (ကန်ပက်လက်) တပ်ဖွဲမှလည်း ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ ထို့ပြင် စစ်ကူထပ်လာသော စစ်ကောင်စီ စစ်ကားများကိုလည်း လမ်းခုလတ်တွင် မဟာမိတ် ဒေသကာကွယ်ရေးတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်များ ပြည်လှည့်သွားကြောင်းသိရသည်။ စစ်ကောင်စီတပ်များအနေဖြင့် ကျောက်ထု၊ ဆောမြို့များတွင် အင်အားထပ်မံတိုးချဲ့လာနေကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ပြောဆိုခဲ့သည်ဟု Khit Thit Media တွင် သတင်းဖော်ပြထားသည်။
ယခုတိုက်ပွဲ သတင်းအချက်အလက်များသည် ရန်ကုန်ခေတ်သစ်မှ ဆက်သွယ်မေးမြန်းမှုများကို UDLA ၏ မြေပြင်တာဝန်ခံမှ အတည်ပြုဖြေကြားထားခြင်းဖြစ်သည်။