ကွတ်ခိုင်မြို့နယ် ပန်ကူ စစ်ရှောင်စခန်းဘက် ရောက်ရှိတဲ့ လွယ်ကန်ကျေးရွာခံတွေ ဒီနေ့ ဇွန်လ ၂၀ ရက် မနက် ၉ နာရီခန့်မှာ နေရပ်ကို ပြန်သွားကြပြီလို့ သိရပါတယ်။ TNLA၊ MNDAA နဲ့ စစ်ကောင်စီတို့အကြားတိုက်ပွဲကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရတာဖြစ်ပြီး ၄ ရက်အကြာမှာ ပြန်သွားကြတာ ဖြစ်ပါတယ်။
ဒေသခံတစ်ဦးက “သူတို့ပြန်သွားကြပြီ။ အခုချိန်မှာ စိုက်ပျိုးနေတဲ့ကြားမှာ ဖြစ်တာကြောင့်မို့လေ။ ဟိုဗမာအဖွဲ့တွေလည်း ရွာမှာမရှိတော့ဘူး။ ပန်ကူ ရွာဟောင်းဘက်ကို သွားနေကြပြီ” လို့ ပြောပါတယ်။
သေထားတဲ့ စစ်ကောင်စီတွေရဲ့ အလောင်းတွေကို သွားသိမ်းရမယ်တဲ့။ အလောင်းကို သူတို့ ရွာထဲမှာ လျှောက်ရှို့ထားတယ်။ အကုန်မလောင်ဘူး။ တစ်ယောက် နှစ်ယောက်ဆိုလည်း မပြန်ရဲကြဘူး။ အဲကြောင့် အကုန်လုံး ပြန်ကြတာ
ဒေသခံတစ်ဦး
မီးရှို့ထားတဲ့ စစ်ကောင်စီတပ်သားအလောင်း အရေအတွက်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ ကွတ်ခိုင်မြို့နယ်ထဲမှာ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေဖြစ်တဲ့ MNDAA၊ TNLA၊ KIA၊ AA တို့အကြား ဆက်တိုက်ဆိုသလို တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။