အမျိုးသားညီညွတ်ရေးအစိုးရက မြန်မာပြည်သူတွေကို မကြာခင် ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ စတင်ထိုးနှံပေးတော့မယ်လို့ ပညာရေးကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဇူလိုင် ၂၅ ရက်နေ့ ယနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒီနှစ်ထဲမကုန်ခင်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေးကို မြန်မာလူဦးရေရဲ့ ၂၀ ရာခိုင်နှုန်း ထိုးပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က စီစဉ်ဆောင်ရွက်နေပြီလို့ ဆိုပါတယ်။
အခုလထဲမှာ ကိုဗစ်ကာကွယ်ဆေးကို စတင်ထိုးပေးနိုင်ဖို့ နည်းလမ်း ၂ သွယ်နဲ့ ဆောင်ရွက်မှာဖြစ်ပြီး ပထမဦးစားပေးအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရက ရရှိထားတဲ့စာရင်းအရ ၆ သန်းရရှိဖို့ရှိပါတယ်။
ပထမနည်းလမ်းက ရလာတဲ့ကာကွယ်ဆေးတွေကို တိုင်းရင်းသားဒေသတွေမှာ ထိုးပေးမှာဖြစ်ပြီး ဒုတိယနည်းလမ်းကတော့ တတိယအဖွဲ့အစည်းတွေက ပြည်သူတွေကို ထိုးနှံပေးသွားမယ်လို့ ပညာရေးကျန်းမာရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောဆိုပါတယ်။
အခုရလာမယ့် ကာကွယ်ဆေးတွေနဲ့ ဆေးအမျိုးအစားတွေကတော့ အရင်အစိုးရလက်ထက်က လုပ်ဆောင်ခဲ့တာတွေကို ဆက်လက်ပြီး ကြိုးစားဆောင်ရွက်ထားတာတွေဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂၆၄,၅၂၇ ယောက်နဲ့ သေဆုံးသူ ၆,၇၅၆ ယောက်ထိ ရှိလာခဲ့ပြီလို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၂၄ ရက်ညမှာ ထုတ်ပြန်ပါတယ်။
ဒါ့ပေမယ့် မြေပြင်အခြေအနေမှာတော့ ကိုဗစ်-၁၉ ရောဂါကြောင့် ရန်ကုန်သုသာန်တွေမှာ နေ့စဉ် ရုပ်အလောင်း ၁၀၀၀ ကျော် မီးသင်္ဂြိုဟ်ပေးနေရတယ်လို့ ပရဟိတအဖွဲ့တွေရဲ့ စာရင်းတွေအရ သိရပါတယ်။