ရှမ်း-ကယားနယ်စပ် ဝီသဲကူး(မြောက်ရွာ) တွင် ယနေ့ ဖေဖော်ဝါရီ (၁၈) ရက်တွင် တိုက်ပွဲ ဆက်လက်ပြင်းထန်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီဘက်မှ အရာရှိ အရာခံ အပါအဝင် (၂၅) ဦး သေဆုံးခဲ့ကြောင်း DMO PDF က မြေပြင်သတင်းထုတ်ပြန်ထားသည်။
ယနေ့တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ် -ဒီးမော့ဆို (DMO-PDF) မှ ရဲဘော် (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွင်လည်း ထိခိုက်မှု ရှိခဲ့သည်ဟု သိရသည်။
အထိနာခဲ့သော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့သည် သံချပ်ကာ အမြှောက်ကား (၂) စီးဖြင့် ပစ်ကူခဲ့သည့်အပြင် ညနေ (၄) နာရီဝန်းကျင်တွင် တိုက်လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း DMO-PDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် မနက်(၆)နာရီဝန်းကျင်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သည် ဝါှရီဆူးပလိုင်ကျေးရွာရှိ နေအိမ် အမြောက်အများကိုလည်း မီးရှို့ခဲ့ကြောင်း သိရှိရသည်။
အဆိုပါတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-Local PDF)၊ မိုးဗြဲ PDF၊ လွိုင်ကော် PDF၊ ဖယ်ခုံ PDF၊ KA ၊ KNDF၊ KGZ ၊JPDF ၊GZ-21 နှင့် အခြား မဟာမိတ်တပ်ပေါင်းစုများ ပူးပေါင်းပြီး အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲပြင်းထန်ခဲ့သောရှမ်း-ကယားနယ်စပ်တွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ အထိနာသောကြောင့် အင်အားအလုံးအရင်း ထပ်မံဖြည့်တင်းခဲ့သည်ဟု သိရသည်။