မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော ကုန်သွယ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် ငွေကြေးပေးချေမှုစနစ်များ ပိုမိုကောင်းမွန်စေရန်နှင့် လွယ်ကူလျင်မြန်စေရန်အတွက် Cryptocurrency တစ်မျိုးဖြစ်သော USDT ကို ပြည်တွင်းသုံးစွဲမှုအတွက် တရားဝင်အသိအမှတ်ပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။
မြန်မာနိုင်ငံတွင် Cryptocurrency ကို တရားမဝင်ကြောင်း ၂၀၂၀ ခုနှစ်၊ မေလ (၁၅)ရက်နေ့က ကြေညာထားပြီး သုံးစွဲသူများကို တရားစွဲဆိုမည်ဟု ဗဟိုဘဏ်က ကြေညာထားသည်။ အဆိုပါ အမိန့်ကြေညာစာကို ယခု ထုတ်ပြန်သည့် အမိန့်ကြေညာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း NUG က ကြေညာချက်တွင် ဖော်ပြထားသည်။ ထို့ကြောင့် Cryptocurrency ကို မြန်မာနိုင်ငံတွင် တရားဝင် သုံးစွဲနိုင်တော့မည်ဖြစ်သည်။